Friday, June 20, 2008

အမှားကျူးသူ

ငါ့ရင်ကို ဇရပ်ပျက်လိုသဘောထားပြီး
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင်
မင်းကိုယ်မင်း ဘာထင်နေလဲ

ခြေရာဖျောက်တိုင်း လိုက်ရှာမိတက်တာ
ငါ့အမှားပဲ ...
တစ်ခုခုချွတ်ချော်တိုင်း ပြန်ချော့မိတာ
ငါ့အမှားပဲ ...
လေဟာနယ်တိုင်း အဖြေရှာနေမိတာ
ငါ့အမှားပဲ ...
ကောင်းမှုနဲ့တောင်းဆုပြုခဲ့မိတာလဲ
ငါ့အမှားပဲ ...
မင်းထင်သလို မရှုပ်ပါဘူး မယုတ်မာဘူး ဆိုပြီး
တဖွဖွ ကတိပေးခဲ့မိတာလည်း
ငါ့အမှားပဲ ...
နောက်ဆုံး !
အချစ်မှာ မှားခဲ့တဲ့ငါ
လောကကို ဟစ်ကြွေးမိချင်တာက
မိန်းကလေးတွေ ဒီလိုပဲလား ?

လေရူးထန်တဲ့ နွေဦးဟန်

ယိမ်းချင်ရာယိမ်း တိမ်းချင်ရာတိမ်းပြီး
တိုက်ချင်တိုင်း တိုက်နေမှတော့
ရော်ရွက်တွေလည်း ကြွေချင်တိုင်းကြွေပြီပေါ့ !

သဘောမကျတာက သောကရှိတာပဲ
လောက က ရောချလို့မရလို့
ဒေါသလေးတွေ ထုတ်ထုတ်ပြခဲ့တာ
ငါမှတ်မိနေသေးတယ် !

မင်းနဲ့ငါ့ကြားက ချစ်ခွင့်မရတဲ့နေ့ရက်တွေ
ငါပြန်တွေးပြီး လွမ်းမိတယ် ဆွေးမိတယ် ...
ခါးသက်တဲ့ဘ၀ထဲကို ပျားရည်တစ်စက်လောက်ချခဲ့တာ
ငါပျော်ခဲ့မိတာပေါ့ !

အခုတော့
Data ရှားတဲ့ ခြေရာပါးပါးလေးတွေနဲ့
ငါ့ရင်မှာ ...
နွေဦးဟန်လိုက် လေရူးထန်နေပြီ
ချစ်သူရယ် ....

ဇာတ်လမ်းတစ်ခုကို လွမ်းချင်သူ

Britany ရဲ့ရင်ခုန်သံ
ငါတိုးတိုးလေးကြားတယ်
နာရီတောင် သံစဉ်တွေမြည်နေပါလား !

လေပြေဆော့တော့
လှိုင်းတွေတောင် ကြက်ခွပ်ထ
မြစ်ပြင်လည်း လှနေတယ် !

တစ်ခါတစ်လေ
ငါ့ရဲ့တမ်းချင်း
အလွမ်းသီချင်းလေးတွေလဲ ပါလာတယ် !

ဒိုင်ယာရီမှတ်တမ်းထဲက
ဒီဇင်ဘာဇာတ်လမ်း
အခုတော့ ...
ဝေဒနာတစ်ဖက်ကမ်းရဲ့
ရင်နာစရာဇာတ်လမ်းဖြစ်ပြီပေါ့ !

မင်း ...
နောက်ဆုံးတော့ ...
ပန်းမခင်းတဲ့ ကြမ်းခင်းမှာ
ငါတစ်ယောက်တည်း လွမ်းနေမယ် !

ဒီနေ့ ..

ဒီနေ့ ..
လေညှင်းလေး သေးသေးလေးနဲ့
တဖြည်းဖြည်း ငါ့ဆီရွေ့လာတယ်
နည်းနည်းလေးတော့ ငါ့ရင်အေးတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်

ဒီနေ့
ကဗျာတစ်ပုဒ် တိတ်တိတ်ဆိတ်ဆိတ်နဲ့
နှလုံးသားထဲက ထုတ်လာတယ်
နည်းနည်းလေးတော့ ငါ့ရင်ခုန်လာတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်


ဒီနေ့
သံစဉ်တစ်ပုဒ် နှလုံးသားတစ်ခြမ်းနဲ့
အေးအေးလေး လိုက်ငြီးမိတယ်
နည်းနည်းတော့ မာယာတွေပါလာတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်


ဒီနေ့
.................
.................

ဒီနေ့
.............

ဒီနေ့

ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်

အမောဆို့တဲ့ညများ

ညဆို ခေါက်တုတ်ခေါက်ပြန် လမ်းလျှောက်
နှလုံးသားကို တံခါးခေါက်ပြီး ..
အမှောင်ထဲမှာ ပြန်ပျောက်သွားတဲ့မင်း ...

အလင်းတွေ့တိုင်းကြောက်
အမှောင်ရောက်မှ တွေ့ရသူကို
ငါ့မှာတော့ တောက် ! တခေါက်ခေါက်နဲ့
ကြာတောလဲ ..
ရှန်ပိတ်တစ်ခွက်ပြီးတစ်ခွက်သောက်
မှောက်သွားတဲ့ညတွေ များပြီပေါ့ ...

ပေါင်မုန့်ကို ဒီအတိုင်းစား ..
ရေကို မကျိုဘဲဘောက် ..
အရိုးမနင်မှ သိလိုက်ရတယ် ..
ငါတောင် အစိမ်းတွေ စားတတ်နေပြီလား?